Welcome to Compass Marketing Course

သံလိုက်အိမ်မြှောင် မားကက်တင်း 

သင်တန်းသားများအတွက်အပိုလက်ဆောင် **
သံလိုက်အိမ်မြှောင်မားကက်တင်း အွန်လိုင်း သင်တန်း အတွက် အပိုလက်ဆောင်ပြုလုပ်ထားသော (၂၆) ရက် A to Z အဓိဌန်သင်ခန်းစာများဖြစ်ပါသည်။

သံလိုက်အိမ်မြှောင် မားကက်တင်း အကြောင်း

အွန်လိုင်းလုပ်ငန်းအများစုက...

ကြော်ငြာတယ်ဗျာ .. ဒါပေမယ့် မရောင်းရဘူး ..။ ဆိုတဲ့ အခက်အခဲ က လုပ်ငန်းတိုင်းမှာ ရှိကြပါတယ်။ သံလိုက်အိမ်မြှောင်မားကက်တင်းက ကြော်ငြာခြင်း မှာ တိကျတဲ့ရည်ရွယ်ချက် ရှိဖို့ အတွက် အချက် (၈) ချက် နဲ့သင်ပြပေးပါတယ်။ ဝယ်ယူစေဖို့ဆိုတာ အဆင့် (၅) ဖြစ်ပါတယ်။ ဝယ်ယူခြင်း ဆိုတာ ချက်ချင်းမဖြစ်ပဲ အရှေ့မှာ အဆင့်လေးဆင့် ရှိပါသေးတယ်။ အထက်ပါ ပုံ ကို ကြည့်ခြင်း အားဖြင့် သံလိုက်အိမ်မြှောင်မားကက်တင်း ရဲ့အချက် (၈) ချက် ကို အရပ်ရှစ်မျက်နှာ ပုံစံနဲ့မြင်နိုင်မှာဖြစ်ပါတယ်။

သံလိုက်အိမ်မြှောင် မားကက်တင်း ဆိုတာ ...

အင်တာနက်လုပ်ငန်းလုပ်နေသူများအတွက် ကြော်ငြာကဏ္ဍ ကို အဓိကထားပြီး၊ လုပ်ငန်းအတွက် အရေးကြီးတဲ့ အပိုင်းကြီး (၈) ပိုင်းကို ဗွီဒီယိုတွေနဲ့ရှင်းလင်းသင်ကြားပေးတဲ့ အွန်လိုင်းသင်တန်းဖြစ်ပါတယ်။

အတွေးအခေါ် (၅) ခုပေါ်မှာ အခြေခံထားပါတယ်။

၁။ ဝယ်ယူမှု ဆိုတာ ချက်ချင်းမဖြစ်ပဲ သူ့အရှေ့မှာ ကြော်ငြာ (၄) မျိုး တင်ပေးရပါတယ်။

၂။ ဘယ်လိုကြော်ငြာပဲဖြစ်ဖြစ် မြောက်အရပ် ( Attention) နဲ့စရပါတယ်။

၃။ ရောင်းပြီးသွားရင် ကြော်ငြာရဲ့အခန်းကဏ္ဍ ပြီးပြီ ဆိုရင် မှားပါလိမ့်မယ်။ ရောင်းပြီးရင် သုံးဖို့ဆက်ကြော်ငြာရပါတယ်။

၄။ အရပ် ရှစ်မျက်နှာစလုံး အဆင့် (၈) ဆင့်နဲ့ကြော်ငြာပြီး စက်ဝိုင်းတစ်ခုလုံးလည်ပတ်နေအောင်လုပ်နိုင်လေလေ ရောင်းအားကောင်းလေလေပဲဖြစ်ပါတယ်။

၅။ အပိုင်းနှစ်ပိုင်းပါဝင်ပါတယ်၊ ကြော်ငြာကောင်းသလို ၊ လက်တွေ့မှာလဲ အမှန်တကယ်ကောင်းအောင်လုပ်ဖို့လိုကြောင်း အပိုင်းနှစ်ပိုင်းစလုံးကို အာရုံစိုက်တဲ့မားကက်တင်း အိုင်ဒီယာများဖြစ်ပါတယ်။

သင်တန်းတက်ချင်တယ် ဘယ်လိုလုပ်ရမလဲ...

ပထမအကြိမ်သင်တန်းကတော့ သိပ်မကြာခင်ကပဲ ပြီးသွားပါပြီ။ တက်လိုတယ်ဆိုရင်တော့ သင်ခန်းစာဗွီဒီယိုတွေကို ပြန်လည်ကြည့်နိုင်အောင် စီစဉ်ပေးထားပါတယ်။ မာသင် page ကို မက်ဆေ့ပို့ပေးပါခင်ဗျာ။

(၂၆) ရက် A to Z အွန်လိုင်းစီးပွားရေးအဓိဌန် ဆိုတာ ...

သံလိုက်အိမ်မြှောင်မားကက်တင်း သင်တန်းသားများအတွက် သီးသန့်အပိုလက်ဆောင် သင်ခန်းစာများဖြစ်ပါတယ်။ အွန်လိုင်းလုပ်ငန်းတစ်ခုအနေနဲ့ မဖြစ်မနေ သိသင့်တဲ့ ပိုစ့်အမျိုးအစား နည်းလမ်း (၂၆) နည်းဖြစ်ပြီး နည်းလမ်းတစ်ခု တိုင်းက အကျိုးကျေးဇူးကြီးမားတဲ့ ပိုစ်အမျိုးအစားများဖြစ်ပါတယ်။

A to Z အကုန်လုံးရှင်းပြထားပါတယ်။ ကြည့်လိုတဲ့ အကွက် ကို နိပ်ပါ။

ဥပမာ .. နံပါတ် (၆) အကွက်ကို ဗွီဒီယိုမှာ တို့ထိလိုက်တာနဲ့နံပါတ်(၆) ကိုရှင်းပြထားတဲ့ ဗွီဒီယို ပေါ်လာပါလိမ့်မယ်။

၂၆ ရက် A to Z အဓိဌန်

အွန်လိုင်းနဲ့ မကင်းသော စီးပွားရေးလုပ်ငန်းများအတွက်  ပိုစ့်တင်နည်း (၂၆) နည်း

Day 1  –  26

Day 1

A for Awards
ဆုတံဆိပ်များရဲ့အရေးကြီးပုံ
ဆုတံဆိပ် ဆိုတာ ယုံကြည်မှုကို ဖြစ်စေတဲ့ အတွက် ဆုတံဆိပ်များကို ပိုစ်တစ်ခုအနေနဲ့တင်ပါ။

Day 2

B for Behind the scenes

အောင်မြင်မှုတိုင်းရဲ့နောက်ကွယ်မှာ ကျရှုံးခဲ့မှုတွေရှိပါတယ်။အဆုံးသတ်ရလဒ်ထက် ဖြတ်ကျော်ခဲ့ရတဲ့ လိုက်ကာနောက်ကွယ်က အခက်အခဲတွေ၊ပြင်ဆင်မှုတွေကို ချပြတဲ့ ပိုစ့်တွေက တန်ဖိုးတန်လွန်းပါတယ်။

Day 3

C for Choice & Comparison

ရွေးချယ်ရခက်နေတဲ့စားသုံးသူအတွက် နှိှုင်းယှဉ်ပြလိုက်ခြင်းဆိုတာ အကောင်းဆုံး တွန်းအားပါပဲ။

Day 4

D for Do something
ကိုယ်တင်တဲ့ပိုစ်မှာ ကွက်လပ်လေးတွေ ဖြည့်ခိုင်းတာ၊ သီချင်းစာသားကို ဆက်ရေးခိုင်းတာ၊ စကားလုံးလေးတွေကို မှန်းဆခိုင်းတာ လေးတွေက Engagement ရစေပြီးတော့ ကိုယ့်ရဲ့လုပ်ငန်းကို လူအများမြင်စေပါတယ်။

Day 5

E for Exclusive Sale & Promotion

ပရိုမိုးရှင်းရှိလို့ပိုစ်တင်တဲ့အခါ ” ပြော” တာလျော့ပြီး ” ပြ” တာများများတင်ပါ။ ပုံတွေများများသုံးပါ။

Day 6

F for Free 
အခမဲ့ဆိုတာ ဘယ်သူမှ မငြင်းနိုင်တဲ့ အဆိုပြုမှုပါပဲ။ ဘာပဲလုပ်လုပ် ပေးတာနဲ့စတင်ပါ။ ပေးနေတဲ့ လူတစ်ယောက်၊ လုပ်ငန်းတစ်ခုအတွက် ပြန်ရတယ်ဆိုတာ မဆန်းတော့ပါဘူး။ ပေးပါ .. ရလိမ့်မည်။

Day 7

G for Guarantee
ဝယ်ချင်ပေမယ့် တွန့်ဆုတ်ဆုတ်ဖြစ်နေတယ် ဆိုတာ စိုးရိမ်မှု တစ်ခုရှိနေလို့ပါ။ စားသုံးသူတိုင်းက စိုးရိမ်မှုအမြဲရှိပါတယ်။ စိုးရိမ်စိတ်ကို အာမခံ တစ်ခုနဲ့ဖြေဖျောက်ပေးလိုက်ရင် အရောင်းဆိုတာ အမြန်ဖြစ်ပါတယ်။

Day 8

H for Highlight
စာအုပ်တစ်အုပ်ဖတ်ရင် သူများ highlight လုပ်ထားတဲ့ အရာကို ပိုပြီးအာရုံစိုက်တတ်ကြပါတယ်။ highlight ဆိုတာ စင်ပေါ်မှာ စလိုက်မီးထွန်းပြီးပြသလိုပါပဲ ကွက်ပြီးမြင်တတ်ပါတယ်။ ကိုယ်မြင်စေချင်တဲ့အရာကို highlight လုပ်ပြီး ဖေ့ဘုတ်ပေါ်မှာ ပိုစ်တင်ပါ။

Day 9

I for Infographic
မြန်မာစကားမှာ ” ပြောပြ” တယ်ဆိုတာ မားကက်တင်း အတွက် တန်ဖိုးရှိတဲ့ စကားလုံးဖြစ်ပါတယ်။ ပြောလဲ ပြော ပါ၊ ပြလဲ ပြပါ။ ဒါမှ .. ပြောတာကို မမြင် တဲ့သူတွေက ပြ တာကို နားလည်သွားကြမှာပါ။

Day 10

J for Jokes
ဟာသယရွင်ဆေး ဆိုတာ လူတိုင်းနဲ့တည့်ပါတယ်။ ကိုယ့်ဖေ့ဘုတ်မှာ ရုပ်တည်လေးနက်တဲ့ အကြောင်းအရာတွေချည့်တင်နေမယ်ဆိုရင် စားသုံးသူအတွက် ချည်းကပ်ရဝန်လေးနေတတ်ပါတယ်။ ဟာသလေးတွေတင်ပေးခြင်းအားဖြင့် စားသုံးသူတွေချည်းကပ်မှုအတွက် လမ်းဖွင့်ပေးသလိုပြီး လုပ်ငန်းအမြင်ကောင်းစေပါတယ်။

Day 11

K for Knowledge Sharing
မျှဝေမှု ဆိုတာ အကျိုးပြုစေတဲ့အရာပါ။ အိုင်ဒီယာကို မျှဝေလို့ရပါတယ်။ အတွေးအခေါ်ကို မျှဝေလို့ရပါတယ်။ မျှဝေမှု ဆိုတာ ဘရန်းတည်ဆောက်ရေးမှာ အရေးပါပါတယ်။

Day 12

L for logos
ဘရန်းပူးတယ်ဆိုတာ ကိုင်းကူးသလိုပါပဲ။ အချိန်မြန်မြန်အတွင်းမှာ ကြီးထွားနုန်းမြန်စေပါတယ်။ သူ့လိုဂို နဲ့ကိုယ့်လိုဂို ချိတ်ဆက်ပြီး ဘရန်းပူးပါ။

Day 13

M for Memories
အမှတ်တရ ကို တူးဆွပေးလိုက်ရင် emotion ခံစားချက်တွေထွက်လာတယ်။ ကောင်းမွန်တဲ့ အမှတ်တရ ကို တူးဆွရင် ကောင်းမွန်တဲ့ ခံစားချက်တွေထွက်လာမယ်။ အဲဒီ ကောင်းမွန်တဲ့ခံစားချက် ကို ကိုယ့်ဘရန်းနဲ့ဆက်စပ်စေပါ။

Day 14

N for Numbers
နံပါတ် တွေ ကို ဖော်ပြတတ်ရင်ယုံကြည်မှု ကို တိုးပွားစေပါတယ်။ ယုံကြည်မှု ဆိုတာ လုပ်ငန်းတိုင်းကြိုးစားတည်ဆောက်နေတဲ့အရာဖြစ်ပြီး နံပါတ်ဆိုတာ နည်းလမ်းတစ်ခုပါပဲ။

Day 15

O for Ownership
ဘောပန်လေးတစ်ချောင်း တန်ကြေးနည်းပေမယ့် ၊ ကိုယ့်နာမည် ထွင်းထားတယ်ဆိုရင် တန်ဖိုးထား စရာဖြစ်လာတယ်။ မသုံးပေမယ့် မပစ်ရက်ဘူး ဆိုတာ Ownership ကြောင့်ပါပဲ။ ကိုကာကိုလာ လိုကုမ္မဏီကြီးတောင် ဒီနည်းကို သုံးတယ်ဆိုရင် ကိုယ်ကဘာလို့မသုံးရမှာလဲ။

Day 16

P for Product Replacement
စပ်ဟပ်တဲ့ ပတ်ဝန်းကျင်တစ်ခုမှာ ကိုယ့်ထုတ်ကုန်ကို ပေါင်းထဲ့ ခြင်း ဆိုတာ ကိုယ့်ထုတ်ကုန်ကို ပတ်ဝန်းကျင် နဲ့ဂုဏ်တင့်ပေးလိုက်သလိုပါပဲ။ ရေသန့်ဗူးကို လမ်းဘေး မှာ ချရောင်းတာနဲ့ဟိုတယ်မှန်ကောင်တာရေခဲသေတ္တာမှာ ထဲ့ရောင်းတာ မတူဘူးလေ။ ဒီ ရေပါပဲ၊ ပတ်ဝန်းကျင်တော့ပြောင်းသွားတယ်။

Day 17

Q for Question,Quiz,Quote
ပဟဠေိ ဆိုတာ စိတ်ဝင်စားမှု ကို မြင့်တက်စေပါတယ်။ စိတ်ဝင်စားမှု အာရုံဆိုတာ ကြော်ငြာတိုင်း ရဲ့လိုအပ်ချက်ပါပဲ။

Day 18

R for Reviews
Amazon လုပ်ငန်းကြီးကို Reviews ဆိုတဲ့အပိုင်း နုတ်လိုက်ရင် လုပ်ငန်းလည်ပတ်လို့မရနိုင်တော့ဘူး။ Airbnb, Binance P2P, Alibaba, Grab, Uber, Instacart ရှိသမျှလုပ်ငန်းအကုန်လုံးဒီတိုင်းပဲ။ အင်တာနက်ခေတ်မှာ ယုံကြည်မှုကို Reviews နဲ့တည်ဆောက်ရတာ၊ Reviews မပါရင် လုပ်ငန်းမသာဘူး။

Day 19

S for Story
ကိုယ်လို ထုတ်ကုန်မျိုးလူတိုင်းရောင်းနိုင်ပေမယ့်၊ ကိုယ်လိုဇာတ်လမ်းကတော့ တစ်ပုဒ်ပဲ ရှိတယ်။ ကိုယ့်ဇာတ်လမ်းဆိုတာ ကိုယ့်ထုတ်ကုန်ကို တန်ဖိုးတက်စေတဲ့အရာပဲ။

Day 20

T for Tips & Tricks
ကိုယ့်ထုတ်ကုန် နဲ့ပတ်သက်ပြီး အများမသိသေးတဲ့အကြောင်းအရာတစ်ခုကို Tips လေးလုပ်ပြီး ပြောပြပါ။ ကိုယ့်အတွက်တော့ လွယ်ကူပေမယ့် အများမသိ၊ မလုပ်တတ်တဲ့အကြောင်းအရာဆိုတာ တန်ဖိုးရှိပါတယ်။

Day 21

U for Usage, Use Case
ကိုယ့်ထုတ်ကုန်ကို ဘယ်လိုအသုံးပြုတာလဲ ဆိုတာ ကို ပြောပြစရာမလို စားသုံးသူတွေသိကြလိမ့်မယ်ထင်ရင် မှားပါလိမ့်မယ်။ ဘယ်လိုအသုံးပြုရသလဲ၊ ဘာတွေနဲ့တွဲဖက်အသုံးပြုနိုင်သလဲ ဆိုတာကို ပိုစ့်လေးတွေတင်ပြီး အမြဲ ပြောပြပါ။

Day 22

V for Violation of Expectation
ဝယ်ယူမှု တိုင်းမှာ မျှော်လင့်ချက်ရှိပါတယ်။ စားသောက်ဆိုင်သွားရင် အရသာ ကောင်းဖို့မျှော်လင့်တယ်။ ဆံပင်ညှပ်ဆိုင်သွားရင် လက်ရာကောင်းဖို့မျှော်လင့်တယ်။ စားသုံသူမျှော်လင့်တာထက်ပိုပေးနိုင်တဲ့လုပ်ငန်းဆိုတာ အောင်မြင်တာပါပဲ။

Day 23

W for Wishlist
ကျွန်တော်တို့အားလုံးမှာ ဆန္ဒအိမ်မက် ဆိုတာ ရှိပါတယ်။ ကိုယ်လုပ်ချင်တဲ့အရာ၊ သွားချင်တဲ့နေရာ၊ ပိုင်ဆိုင်ချင်တဲ့ပစ္စည်း စသည်ဖြင့် ပေါ့။ အိမ်မက်တွေကို တူးဆွပေးတဲ့ပိုစ်တွေက ကိုယ့်အိမ်မက်တွေကို သတိရစေပြီး လူအများပါဝင်လာမှုကို ရရှိစေပါတယ်။

Day 24

X for X or V ( True or False)
အမှား အမှန်ရွေးပါ ဆိုတာ ကျွန်တော် တို့ငယ်စဉ် ကျောင်းသားဘဝကတည်းက လုပ်လာခဲ့တဲ့အရာပါ။ လွယ်ကူတယ်၊ အဖြေက နှစ်ခုပဲ ရှိတယ်လေ။ မှန်ရင် မှန်မယ်၊ မမှန်ရင် မှားမယ် ဒါပဲလေ။

Day 25

Y for You and Your Team
သင်နှင့် သင့်အဖွဲ့ကို ရှေ့တန်းတင်ပါ။ စားသုံးသူက အသက်မရှိတဲ့ စီးပွားရေးလုပ်ငန်းနာမည် ထက် အသက်ရှိတဲ့ လူတွေနဲ့ပိုဆက်ဆံချင်ပါတယ်။

Day 26

Z for Zoom
အွန်လိုင်းပေါ်မှာ လူအုပ်ကြီးတစ်ခု ဖန်တီးလို့ရတဲ့အပြင် အပြန်အလှန်စကားပြောဆိုနိုင်ခွင့်ဆိုတာ အရင်ခေတ်တုန်းက ဘုရင်တွေတောင်မှ မရတဲ့ အခွင့်အရေးပါ။ အခုကျွန်တော် တို့အဲဒီ အခွင့်အရေးကို လွယ်လွယ်ကူကူအသုံးပြုနိုင်ကြပါတယ်။ ကောင်းစွာအသုံးချပါ။

ဈေးကြီးပေမယ့် ဝယ်ယူစေမယ့် နည်းလမ်း (၅) ခု

အွန်လိုင်းဈေးကွက်မှာ .. ကိုယ့်ကုန်ပစ္စည်းက ဈေးကြီးတာတောင် ဝယ်ယူစေမယ့် နည်းလမ်း (၅) ခု ရှိပါတယ်။

၁။ ( Personalization) ကိုယ်ရေးကိုယ်တာ ဆန်ခြင်း
မင်္ဂလာဆောင်ဖိတ်စာကို နာမည် မပါပဲ ဖိတ်တာ နဲ့နာမည်နှင့် တကွ ရေးထိုးပြီး ဖိတ်တာ ကွာပါတယ်။ လက်ဆောင်ပေးရင်လဲ သူ့နာမည်လေးရေးထိုးပြီးပေးတာနဲ့ဒီအတိုင်း ပေးတာ ကွာပါတယ်။ ဘောပင်တစ်ချောင်းက တန်ကြေးအားဖြင့် ဘာမှမရှိလှပေမယ့် ကိုယ့်နာမည် ကို ကမည်းရေးထိုးထားတယ်ဆိုရင် တန်ဖိုးထားရမယ့် အရာဖြစ်သွားပါပြီ။ ကိုယ်ရေးကိုယ်တာဆန်ခြင်း (Personalization) ဆိုတာ တန်ဖိုးမြင့်တက်စေတဲ့ အရာပါ။ ကိုယ့်ရောင်းတဲ့ကုန်ပစ္စည်းထဲ အမြဲ ပေါင်းထဲ့ပေးဖို့ကြိုးစားပါ။ ဈေးကြီးတာတောင် ဝယ်ကြသူတွေနဲ့စည်းကားနေပါလိမ့်မယ်။

၂။ (Relationship) ခင်မင်ရင်းနှီးမှု
ပုဂ္ဂိုလ်ခင်ရင် တရားမင်သလို… ကိုယ့်ဆိုင်၊ ကိုယ့်လုပ်ငန်း၊ ကိုယ့်ကုန်ပစ္စည်း၊ ကိုယ့်ဝန်ဆောင်မှုကို လဲ မင် ပါတယ်။ ခင်မင်ရင်းနှီးမှု ဆိုတာ စီးပွားရေးလုပ်ငန်းမှာ တာအလွန်သွားပါတယ်။ ခင်မင်လာရင် ယုံကြည်မှု ပါဝင်လာပါတယ်။ ယုံကြည်စိတ်ချဖို့လိုအပ်တဲ့ ဝန်ဆောင်မှုလုပ်ငန်းတစ်ခုမှာ ဈေးနုန်းဆိုတာ နည်းနည်းကွာတာအရေးမကြီးပါဘူး၊ ယုံကြည်စိတ်ချရဖို့အဓိကပထမ ဖြစ်ပါတယ်။ ခင်မင်ရင်းနှီးမှုဆိုတာ သိ ခြင်းနဲ့စပါတယ်။ ကိုယ့် Customer တွေကို ကိုယ်သိအောင်ကြိုးစားပါ။ ပြီးရင် ရင်းနှီးအောင် လုပ်ပါ။

၃။ (Innovation) ဆန်းသစ်ဖန်တီးမှု
iphone, ipad စတဲ့ apple တံဆိပ်ထုတ်ကုန်တွေက သာမာန်ဖုန်းတွေ ထက် အဆမတန်ဈေးကြီးပါတယ်။ ဆန်းသစ်ဖန်တီးမှု ဆိုတာ ဈေးကွက် က ဈေးနုန်းထက်ပိုတန်ဖိုးထားပါတယ်။ နည်းပညာပဲ ဆန်းသစ်ဖန်တီးလို့ရတာမဟုတ်ပါဘူး၊ ဒီဇိုင်းကို လဲ ဆန်းသစ်ဖန်တီးလို့ရပါတယ်။ ဝန်ဆောင်မှုပေးတဲ့ပုံစံကိုလဲ ဆန်းသစ်ဖန်တီးလို့ရတယ်၊ Layout အနေအထားကိုလဲ ဆန်းသစ်ဖန်တီးလို့ရတယ်၊ အပြင်အဆင် နဲ့အပြောအဆို ကိုလဲ ဆန်းသစ်ဖန်တီးလို့ရပါတယ်။

၄။ ( Convenience) သက်တောင့်သက်သာအဆင်ပြေမှု
(၂၄) နာရီဖွင့်တဲ့ဆိုင်တစ်ဆိုင်မှာ ဈေးနည်းနည်းကြီးပေမယ့် ကြိုက်တဲ့အချိန်သွားဝယ်လို့ရတော့ ဝယ်မိတယ်။ အဝေးတစ်နေရာကို ကားမောင်းသွားမယ့်အစား၊ ကိုယ့်အိမ်နားက ဆိုင်မှာပဲ ဈေးနည်းနည်းပိုပေးရပေမယ့် ဝယ်လိုက်တယ်.. စတဲ့ အဖြစ်အပျက်များက ဈေးကွက်ဆိုတာ သက်တောင့်သက်သာအဆင်ပြေမှု ကို အလေးပေးတန်ဖိုးထားတယ် ဆိုတာ သက်သေပြနေပါတယ်။

၅။ (Ecosystem) ဂေဟစနစ်
iphone ဝယ်ထားမိတော့ သူနဲ့ကိုက်ညီတဲ့ အားသွင်းကြိုးကို ဈေးကြီးပေးပြီး ရွေးချယ်စရာမရှိဝယ်ရတော့တယ်။ Cannon ကင်မရာကို ဝယ်မိပြန်တော့ သူနဲ့အဆင်ပြေမယ့် မှန်ဘီလူး၊ ဓတ်ခဲ စတဲ့အရာတွေကို ရွေးချယ်စရာမရှိ သူ့တံဆိပ်ပဲ ဝယ်ရတော့တယ်။ Gillette တံဆိပ် မုတ်ဆိပ်ရိတ်ဓားကို ဝယ်မိပြန်တော့ သူနဲ့တပ်လို့ရမယ့် ဓားတံဆိပ်ကိုပဲ ရွေးချယ်စရာမရှိ ဝယ်ရပြန်တယ်။ Gmail သုံးပါတယ်၊ Google Drive ကိုဝယ်မိပြန်တယ်။ Amazon သုံးပါတယ်၊ AWS ကိုရွေးချယ်မိတယ်။ ကားသွားစစ်မိတယ်၊ သူကားဝပ်လျော့မှာပဲ နောက်ပိုင်း ကားပြင်မိတော့တယ်။ ဈေးကွက်မှာ လွမ်းမိုးချုပ်ကိုင်တဲ့ ဘရန်းတိုင်းက သူတို့ရဲ့စီးပွားရေး ဂေဟစနစ်ကို တည်ဆောက်ထားကြတယ်။ သူတို့ဂေဟစနစ်ထဲဝင်မိရင် ကုန်ပစ္စည်းဝန်ဆောင်မှုတွေကို ဈေးကြီးပေမယ့် ရွေးချယ်စရာမရှိ ဝယ်ရတော့တယ်။ ကိုယ့်လုပ်ငန်းရဲ့ဂေဟစနစ်ကို တည်ဆောက်ထားရင် ဈေးနုန်းဆိုတာ ဒုတိယနေရာရောက်သွားတာပါပဲ။ ကိုယ်လုပ်ငန်း ဂေဟစနစ်ကောင်းတစ်ခု တည်ဆောက်ထားပါ။

 

အားလုံးကို အတိုချုပ် မှတ်ချင်ရင် “P.R.I.C.E” ပေါ့။
ဈေးနုန်း ဆိုတာ ဈေးနုန်း (P.R.I.C.E) နဲ့ပဲ ယှဉ်ပြိုင်ရတယ်လေ။ 🙂

# မာသင် မျှဝေသည်

Download Card

သံလိုက်အိမ်မြှောင်မားကက်တင်းသင်ခန်းစာတွင်ပါဝင်သော အကြောင်းအရာများကို အမှတ်တရသိမ်းထားနိုင်ရန် အစီအရီ စီစဉ်ထားပေးပါတယ်။ ပုံများကို ဒေါင်းပြီး သိမ်းထားနိုင်ပါတယ်ခင်ဗျာ။

သံလိုက်အိမ်မြှောင်မားကက်တင်း

မိတ်ဆွေများသို့ပေးစာ ..

အကျိုးတစ်စုံတစ်ရာ ရှိကြမယ်လို့ယုံကြည်ပါတယ်ခင်ဗျာ။

ကျွန်တော် အထက်ပါ သင်ခန်းစာတွေကို လုပ်ဖို့အချိန်တော်တော်ယူလိုက်ရပါတယ်။

အိုင်ဒီယာကိုတော့စဉ်းစားမိတာကြာပါပြီ။

ကြားထဲမှာ ဖခင်ကြီးကလဲ ကိုဗစ်ဖြစ် တော့ မန္တလေးမှာ ဆေးကုပေးရင်းနဲ့ကြာသွားပါတယ်။ ခုတော့ ဖခင်ကြီးလဲ ကျန်းကျန်းမာမာပြန်ဖြစ်ပါပြီ။ သင်တန်းတွေလဲ ပြန်စနေပါပြီ။

ပထမဆုံးပြန်ဖွင့်ဖြစ်တဲ့သင်တန်းကတော့ “သံလိုက်အိမ်မြှောင်မားကက်တင်း” ဆိုတဲ့ သင်တန်းပါ။

သင်တန်းသားတွေကို အပိုလက်ဆောင်ပေးချင်တာရယ်၊

သင်တန်းမတက်နိုင်တဲ့ သူများကိုလဲ မျှဝေချင်တာရယ်ကြောင့် ဒီ (၂၆) ရက် သင်ခန်းစာတွေကို အချိန်ပေးပြီး လုပ်ဖြစ်သွားပါတယ်။

အခုတော့ အောင်မြင်သွားပါပြီ။

အားလုံးလဲ အကျိုးရှိကြလိမ့်မယ်လို့ယုံကြည်မျှော်လင့်မိပါတယ်ခင်ဗျာ။ ။

 

#မာသင်