ပေါက်ချင်ရင် .. တန်ဖိုးကို ဂရုစိုက်

စီးပွားရေးလုပ်ငန်းတစ်ခု ဆိုတာ creating value ပဲ။ စားသုံးသူဈေးကွက် တန်ဖိုးထားတဲ့အရာ တစ်ခုကို ဖန်တီးနေတာ။
တန်ဖိုး ဆိုတာ တန်ဖိုးထားခြင်း နဲ့ဆိုင်တယ်။
ကိုယ့်မှာ ရှိတဲ့အခက်အခဲ တစ်ခု ကို ဖြေရှင်းနိုင်တဲ့အရာ ဆိုရင်.. တန်ဖိုး ထား စရာဖြစ်တယ်။
ကိုယ့်မှာ ရှိတဲ့အခက်အခဲ တစ်ခု ကို ငွေက ရှင်းနိုင်တယ်ဆိုရင် အဲဒါ တန်ဖိုးရှိတယ်။
ကိုယ့်မှာ ရှိတဲ့အခက်အခဲ တစ်ခုက သဲကန္တာရမှာ ရေဆာနေတယ်ဆိုပါစို့.. ငွေက ရှင်းမပေးနိုင်တဲ့အတွက် တန်ဖိုးမရှိဘူး။
ငွေ ထက် ရေ က ပိုတန်ဖိုးရှိသွားတယ်။
လိုအပ်ချက် အခက်အခဲပေါ်မူတည်ပြီး တန်ဖိုးပြောင်းသွားတယ်။
ဒါကြောင့် ကိုယ့်လုပ်ငန်းက ဈေးကွက်အခက်အခဲ တစ်ခုကို ဖြေရှင်းပေးနေရင် .. တန်ဖိုး ရှိတယ်။ တန်ဖိုး ရှိရင် … မားကက်တင်း မလိုဘူး။ အားလုံးသိတယ်။ ၅၀၀ ကျပ်တန် ဇလုံထမင်း ကို ပဲ ကြည့်၊ မားကက်တင်း ဘတ်ဂျတ်ထားစရာမလို၊ မားကက်တင်းပလမ်ဆိုတာဘယ်နေမှန်းမသိ…ပေါက်တာပဲ။ အခက်အခဲကြီး ကို ဖြေရှင်းပေးတာကိုး .. တန်ဖိုးရှိ တော့ .. ပေါက်တယ်လေ။
ဒါကြောင့် ပေါက်ချင်ရင် .. တန်ဖိုးကို ဂရုစိုက်။
တန်ဖိုး ဆိုတာ အဲဂျီတစ်
*****************
တန်ဖိုးအများစု က နာမဝိသေသန (Adj) တွေ ဖြစ်ကြတယ်၊ ဥပမာ .. မြန်ဆန်သော၊ သန့်ရှင်းသော၊ ခိုင်ခန့်သော၊ လှပသော၊ ဈေးသက်သာသော၊ ယုံကြည်ရသော၊ ဂုဏ်ရှိသော၊ ပျော်စရာကောင်းသော.. နာမဝိသေသန ဆိုတာ နာမ် နောက်ကလိုက်တယ်။ နောင်း (Noun) တစ်ခုကို အဲဂျီးတစ် (Adjective) ပေါင်းလိုက်ရင် စကားလုံးက လေးနက်လာတယ်၊ တန်ဖိုးတက်လာတယ် လို့သဒ္ဒါ (Grammar) မှာ သင်ရတယ်လေ။
စီးပွားရေး လဲ သဒ္ဒါ ဂရမ်မာ နဲ့ ဆိုင်တာပဲ။
Noun ဆိုတာ ကိုယ့် ကိုယ့် လုပ်ငန်း၊ ထုတ်ကုန်၊ ဝန်ဆောင်မှု ပဲ။
ကိုယ့်လုပ်ငန်းကို အဲဂျီတစ် ပေါင်းထဲ့ခြင်း ဆိုတာ တန်ဖိုး ပေါင်းထဲခြင်းပဲ။
ဘာလုပ်ငန်းလုပ်လဲ ? လို့မေးရင် .. ထမင်းဆိုင် လို့ပဲ မဖြေနဲ့။
သန့်ရှင်းသော ထမင်းဆိုင် လား …
မြန်ဆန်သော ထမင်းဆိုင်လား ..
စုံလင်သော ထမင်းဆိုင်လား..
အရသာကောင်းသော ထမင်းဆိုင်လား ..
ဈေးသက်သာသော ထမင်းဆိုင်လား..
နေရာထိုင်ခင်း ကောင်းသော ထမင်းဆိုင်လား..
ကားရပ်စရာနေရာ မပူရသော ထမင်းဆိုင်လား..
ကျန်းမာရေးဦးစားပေးသော ထမင်းဆိုင်လား..
တစ်ဆိုင်ထဲပဲ .. အဲဂျီတစ် မတူဘူး။ တန်ဖိုးမတူဘူး။
ဒါကြောင့် .. ကိုယ့်လုပ်ငန်းကို အမြဲတမ်း အဲဂျီတစ် ပေါင်းထဲ့ ။
အဲဒီ အဲဂျီတစ်က ကိုယ့်လုပ်ငန်းရဲ့တန်ဖိုး ရပ်တည်ချက် ပဲ။
Responses