စမ်းသုံးခွင့် ပေးခြင်း နည်းလမ်း (၄) မျိုး

အရင်တုန်းက
ဘာဆိုင်ဖွင့်ဖွင့် ဆိုင်တစ်ဆိုင်ဖွင့်မည် ဆိုလျင် ဗွီရို တွေ လိုအပ်သည်။ ပစ္စည်းတွေထဲ့ပြထားဖို့ဖြစ်သည်။ စတိုးဆိုင်များတွင် အကျီတွေ၊ ဘောင်းဘီတွေကို သေချာခေါက်ပြီး ဗီရိုထဲတွင်ကျကျနနပြထားဖို့ဖြစ်သည်။ စမ်းဝတ်ကြည့်ဖို့ဆိုင်တိုင်းက ခွင့်မပြု၊ ဗီရိုထဲက ထုတ်ပြဖို့တောင်မနည်း ပြောပြီးထုတ်ပြခိုင်းရသည်။
နာရီဆိုင်ဆိုလျင် .. ဗီရိုထဲတွင် နာရီတွေ ကို စီကာရီကာ ပြသထားပြီး၊ ဈေးဝယ်လာလျင်၊ ကြိုက်ရာကို လက်ညိုးထိုး ပါက ထုတ်ပြကြသည်။ လက်ညိုးထိုးတာများသွားပြီး၊ စမ်းဝတ်ကြည့်တာများ၊ ဘာမှမဝယ်ပဲ ပြန်ထွက်လာလျင် ဈေးဝယ်သူက ဆိုင်ရှင်ကို အားနာရသည်။
သီချင်းခွေဆိုင်ဆိုလျင်.. ဗီရိုထဲတွင် သီချင်းခွေတွေကို စီထားပြီး၊ ဝယ်မည့်ခွေပြောမှ ထုတ်ပေးကြသည်။
ဖုန်းဆိုင်ဆိုလျင်.. ဗီရိုကောင်တာထဲတွင်ဖုန်းများကို ထဲ့ထားပြီး ၊ ဈေးဝယ်သူက ဒါလေးပြပါ လို့ပြောမှ ထုတ်ပြကြသည်။
ယနေ့ခေတ်တွင် ..
Apple ဆိုင်များတွင် ဗီရိုတွေမထားပဲ ဖုန်းများ၊ အိုင်ပတ်များ ကို စားပွဲခုံပေါ်တွင် အချို့ကို နမူနာ ထုတ်ပြထားပြီး စမ်းသုံးခွင့်ပြုထားလာကြသည်။ ထုတ်ပြခိုင်းစရာမလို၊ ပွတ်ချင်သလိုပွတ် စမ်းကြည့်ခွင့်ရသည်။ မဝယ်ခင် စမ်းကြည့်ခြင်း သည် စားသုံးသူများ၏ ရပိုင်ခွင့်ဖြစ်လာသည်။
အီလက်ထရောနစ်ဆိုင်များတွင် ဘာဝယ်ဝယ် စမ်းပြရသည်။ မဝယ်ခင် စမ်းကြည့်ခြင်း သည် စားသုံးသူများ၏ ရပိုင်ခွင့်ဖြစ်သည်။ မစမ်းပဲနှင့် ဝယ်ရမည် ဆိုလျင် စားသုံးသူများ၏ ရပိုင်ခွင့်ကို ချိုးဖောက်ခြင်းဖြစ်လာသည်။
ဖက်ရှင်စတိုးဆိုင်များတွင် ဗီရိုများပျောက်ကွယ်ပြီး အကျီများကို ချိတ်နှင့်ပြထားပြီး ကြိုက်သလို ရှာဖွေ၊ကြည့်ရှူ၊ စမ်းဝတ်ခွင့်ပြုလာကြသည်။ စမ်းဝတ်လို့ရလားလို့မေးစရာပင်မလိုတော့ပေ။ စမ်းဝတ်ရာတွင်အဆင်ပြေအောင် အခန်းလေးတွေတောင်ပြုလုပ်ပေးထားလာကြသည်။
နည်းပညာခေတ်တွင် ..
စမ်းသုံးစေခြင်းသည် ဈေးကွက်မြန်မြန်ရခြင်း၊ လုပ်ငန်းမြန်မြန်ကြီးထွားခြင်းအတွက် မားကက်တင်းနည်းလမ်းဖြစ်လာသည်။
စမ်းသုံးသူဦးရေသည် Customer ဖြစ်လာမည့်ဦးရေ နှင့် အချိုးကျပြီး စမ်းသုံးသူများလာလေလေ၊ ဖောက်သည်များလာလေလေဖြစ်လာပြီး လုပ်ငန်းဝင်ငွေ တိုးလာလေလေဖြစ်လာသည်။
စမ်းသုံးစေခြင်းသည် ကိုယ့်ကုန်ပစ္စည်းကို ကောင်းခြင်းငါးဖြာကို စကားလုံးများနှင့်ရှင်းပြခြင်းထက်စာလျင် လက်တွေ့ကျကျ စမ်းသုံးခြင်းမှ အတွေ့ အကြုံကောင်းများအလျောက် စားသုံးသူကို ကိုယ်တိုင်ကိုယ်ကျ ဆုံးဖြတ်စေခြင်းဖြစ်သည်။
စမ်းသုံးစေခြင်းသည် ကိုယ့်ဟာကောင်းသည် ဟု ကြော်ငြာတွေချည်းများနေသောဈေးကွက်တွင် အမှန်တကယ်ကောင်းမကောင်းကို စမ်းသုံးစေခြင်းဖြင့် စားသုံးသူကို ဆုံးဖြတ်ခွင့်ပေးလိုက်ခြင်းဖြစ်သည်။
2008 တွင် Dropbox လို နည်းပညာကုမ္မဏီက စမ်းသုံးခွင့်ပေးခြင်းဖြင့် ဈေးကွက်ဝင်ရောက်လာပြီး 2011 အရောက် (၃) နှစ်အတွင်း $ 4 billion တန်ဖိုးရှိ ကုမ္မဏီဖြစ်လာသည်။
1997 တွင် Netflix လို ကုမ္မဏီက ဗွီဒီယိုဇာတ်ကားများကို စမ်းကြည့်ခွင့်ပေးသည့်ဗျူဟာဖြင့် ဈေးကွက်ဝင်ရောက်လာပြီး ဈေးကွက်အကြီးမားဆုံးရထားသည့် Blockbuster ကို အနိုင်ယူလိုက်သည်။ ယနေ့တွင် ကုမ္မဏီတန်ဖိုးသည် $251 billion ရှိပြီဖြစ်သည်။
1999 တွင် Saleforce သည် SaaS ( Software as a Service) ဆော့ဝဲလ်များကို ဝန်ဆောင်မှုပေးသည့်ကုမ္မဏီအဖြစ် ဝင်ရောက်လာပြီး စမ်းသုံးခွင့်ပေးသည်မှာ ယနေ့ထိပင်ဖြစ်သည်။
Slack ကလဲ စမ်းသုံးခွင့်ပေးသည်။
Hubspot ကလဲ စမ်းသုံးခွင့်ပေးသည်။
ထိုးမှုန့်ဆိုင်တွေ ကလဲ စမ်းစားခွင့်ပေးသည်။
သစ်သီးသည်တောင် မချိုရင်မဝယ်နဲ့ဆိုပြီး စမ်းစားခွင့်ပေးသည်။
စမ်းသုံးခွင့်ပေးရာတွင် နည်းလမ်း (၄) မျိုးရှိကြသည်။
၁။ အစမ်းကာလပေးခြင်း (Trial )
၂။ စမ်းကြည့်ကြိုက်ဝယ် (Freemium)
၃။ နမူနာစမ်းခွင့်ပေး (Demo)
၄။ ပစ္စည်းနမူနာစမ်းသုံး ( Sample)
ဘယ်နည်းလမ်းပဲဖြစ်စေကာမူ အဓိက ရည်ရွယ်ချက်မှာ စမ်းကြည့်ပြီး အတွေ့အကြုံကောင်းကို ရရှိစေခြင်းဖြစ်သည်။
အတွေ့အကြုံကောင်း သည် အကောင်းဆုံးမားကက်တင်း ပင် မဟုတ်ပါလား ။
ဤတွင် စီးပွားရေးလုပ်ငန်းများအတွက် အရေးကြီးသော မေးခွန်းတစ်ခု ရှိလာသည်..
မိမိစီးပွားရေးလုပ်ငန်းတွင်….
ဘယ်လို စမ်းသုံးခွင့် ပေးမလဲ ?? ဆိုသည့် မေးခွန်းပင်ဖြစ်တော့သည်။ ။
———————။——————–
Responses